Myanmar Immortal Trading
Co., Ltd.

 

အပြည်ပြည်ဆိုင်ရာဗောဓိအေးငြိမ်းရိပ်သာ၊ (၂၄)ကြိမ်မြောက်တရားစခန်း

( လှည်းကူးမြို့ )

"" သူတော်ကောင်းကျင့်စဉ်အမှန်မြင် ၂ ""

ပုထုဇဉ်လူသားတိုင်းသည် နေ့စဉ် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတည်းဟူသော ကိလေသာရောဂါ များဖြင့် ခံစားနေကြရသည်။ နည်းတာများတာပဲ ကွာခြားသည်။ "ရေကြောင့်ဖြစ်သောအညစ်အကြေး" များကို "ရေ" ဖြင့် ဆေးကြောမှသာ ပြောင်စင်သကဲ့သို့ "စိတ်ကြောင့်ဖြစ်သောအညစ်အကြေး" များကို စိတ်အလုပ်ဖြစ်သော သမထ/ ဝိပဿနာ ကို ရှုမှတ်ပွားများရင်းဖြင့် စင်ကြယ်စေနိုင်ပါသည်။ ကုစားစေနိုင် ပါသည်။

ဘ၀အဆက်ဆက်က အရိုးစွဲပါလာသော ကိလေသာရောဂါများကို ကုစွမ်းပေးနိုင်သော တရားဆေးရုံ များစွာ ရှိသည့်အနက် မောင်းထောင်မြေဇင်းတောရ (ကန္နီနည်း) ဖြင့် တရားစခန်းရိပ်သာကောင်း တစ်ခုမှာ လှည်းကူးမြို့၊ မြို့ကြီးကုန်းရပ်ကွက်တွင် သာသနာ့ဓဇ ဓမ္မာစရိယ ဆရာတော် ဦးကေလာသ ၏ တရားပြသ ရာ ဗောဓိအေးငြိမ်းရိပ်သာ ပင် ဖြစ်ပါသည်။

ဤရိပ်သာသို့ တပည့်တော်သည် ဒုတိယအကြိမ်မြောက်တရားဝင်ခြင်းဖြစ်သည်။ဘုရားဟော တရား ဒေသနာများသည် နာဖန်/ ကြားဖန်များသော်လည်း ရိုးသွားခြင်း၊ အီသွားခြင်းမရှိပေ။ ပိုမို၍ လေးလေး နက်နက် သိမ်မွေ့လာပါသည်။

ရှေးဦးစွာ (ကန္နီနည်း) အရ ဗုဒ္ဓါနုဿတိ ကိလေသာမြူမှုန်မကျန်အောင် ကင်းစင်တော်မူသော မြတ်စွာ ဘုရား ၏ အရဟံ ဂုဏ်တော်ကို ပွားများစေခြင်းဖြင့် ဗုဒ္ဓ၏ထူးကဲမြင့်မြတ်သောဓါတ်ထူးများ ကူးစက်ကာ မိမိတို့စိတ်နှင့် ခန္ဓကိုယ်တွင် ကိလေသာများကင်းစင်သွားသကဲ့သို့ စိတ်များအထူးကြည်လင်လာပါသည်။ ဝေဒနာများတခဏ သက်သာသွားသည်။

မေတ္တာကမ္မဋ္ဌာန်း ကို တစ်ရက်လုံးပွားများသောအခါ မေတ္တာ၏အေးမြချမ်းသာမှု များကို တစ်ကိုယ်လုံး ခံစားအေးမြနေပါသည်။ နောက် "အသုဘ နှင့် မရဏနုဿတိ" ကမ္မဋ္ဌာန်းကို ပွားများရာ သေသွားသောမိမိ၏ ရုပ်အလောင်းကို အေးအေးဆေးဆေး စူးစိုက်ပွားများရင်း သံဝေဂရဖွယ်များစွာဆင်ခြင် သိရှိလာပါသည်။ စိတ်ထားများ ပျော့လာပါသည်။

ထို့နောက် အာနပါနသတိပဋ္ဌာန် ပထမနည်းဖြင့် စိတ်ကို နှာသီးဖျား၀တွင် ကပ်ထားပြီး သမာဓိ အားကောင်းလာ၍ အာရုံအလင်းနိမိတ်များ ရလာသောအခါ ရိပ်သာနှင့်အနီးအဝေးမှ ဘုရားများ မြန်မာနိုင်ငံ အနှံ့အပြားရှိ တန်ခိုးကြီးဘုရားများဖြစ်ကြသော ရွှေတိဂုံ၊ ရွှေမောဓော၊ ရွှေသာလျောင်း၊ ဗိုလ်တထောင်၊ မဟာမြတ်မုနိ၊ ဗောဓိတထောင်၊ အင်းလေးဖောင်တော်ဦး၊ ပုဂံရွှေစည်းခုံ၊ အလောင်းတော်ကဿပ၊ ကျိုက်ထီးရိုး အစရှိသည်များကို ပိုက်ဆံ မကုန်/  ခရီးမပန်း/  လူမနွမ်းဘဲ ရိပ်သာအတွင်းမှပင် အေးအေးဆေးဆေး ကားတိုက်၊ ရထားမှောက်တာတွေ လည်းမရှိဘဲ အန္တရာယ်ကင်းစွာ အားရပါးရထပ်ပြီး ဖူးရပြန်ပါသည်။ ကြည်ညိုဖွယ်ရာ၊ ပျော်စရာများ ကောင်းလေစွ။

အနောက်မြောက်အိန္ဒိယနိုင်ငံမှာ ဖွား၊ ပွင့်၊ ဟော၊ စံ တော်မူခဲ့ကြသော ရုပ်ပွားတော်များ၊ စေတီများ အပြင် ဖူးသင့်ဖူးထိုက်သောနေရာများကိုလည်း စိတ်ရောက်လျှင် နိမိတ်ရောက်သည်ဆိုသည့်အတိုင်း မိမိတို့ ထူထောင်ထားသော အာရုံနိမိတ်ဖြင့် စိတ်အေးလက်အေး ထပ်မံဖူးတွေ့ခဲ့ရပြန်ပါသည်။ စိန်ဖူးတော်များမှ ကြည်လင်တောက်ပနေသော ရောင်ခြည်တော်များ ကွန့်မြူးနေပုံ၊ သက်တော်ထင်ရှားမြတ်စွာဘုရား၏ပုံစံမျိုးစုံ ကို အံ့ဩဖွယ်ရာဖူးတွေ့ရပါသည်။

ထို့နောက် တာ၀တိံသာမှ စူဠမဏိစေတီ၊ ဝေဇယန္တာပြသာဒ်၊ သုဓမ္မာဇရပ်၊ ပင်လယ်ကသစ်ပင်၊ မြကျောက်ဖျာကြီး၊ အကနိဋ္ဌဗြဟ္မာဘုံမှ ဒုဿစေတီ၊ နဂါးပြည်မှ စွယ်တော်၊ ငရဲပြည်များကိုလည်း ထပ်မံရှုမြင် ခဲ့ရပါသည်။

သမထ တတိယပိုင်းတွင် ပါးထွက်/  နားထွက်နည်း၊ ဖြတ်စား/ လှီးစားနည်း များဖြင့် မိမိတို့၏ ခန္ဓာကိုယ်မှ ခံစားနေရာများစွာအပြင် တစ်ကိုယ်လုံးမှ ရောဂါရှိရာနေရာမကျန်ရအောင် အလင်းအာရုံနိမိတ် ဖြင့် နာနာမွှေ၊ နာနာဖြတ် အစိတ်စိတ်အပိုင်းပိုင်းဖြတ်ကာ ကိုက်ခဲနေသောနေရာ၊ အသည်းအဆီဖုံး၍ အောင့်နေသောနေရာ၊ ဒူးနာ နေသောနေရာများကို လုံး၀သက်သာပျောက်ကင်းသွားစေခဲ့ပါသည်။

ထို့နောက် စတုတ္ထပိုင်း (ငြိမ်းစေသည်)၂ နည်းရောက်သော် ပြုတ်မကျနိုင်သော နေရာတွင် သမာဓိ ထူထောင်ပြီး သမာဓိရလာသောအခါ မိမိ၏အာရုံနိမိတ်ကို ရှေ့သို့ တတောင်ပို့လိုက်/ ယူလိုက် ရှုမှတ်ဖန် များလာသောအခါ ငြိမ်းသွားပြီး တစ်ခါတစ်ရံ ဝင်လေ၊ ထွက်လေ များ ရပ်သွားပြီး ခေတ္တခဏငြိမ်သွားကာ နူးညံ့သိမ်မွေ့မှုမျိုး ခံစားရရှိပါသည်။ ဆက်၍ ရှုမှတ်ဖန်များလာသောအခါ အေးငြိမ်းနေသော အရသာဖြင့် မိမိ၏ခန္ဓာကိုယ်ကြီးပေါ့ပါးရွှင်လန်းနေသည်ကို တွေ့ရပါသည်။

ဝိပဿနာ ပိုင်းသို့ရောက်သောအခါ ရင်၀တွင် စိတ်စိုက်၍ (ရုပ်)၂ ဟု ရှုမှတ်ရင်း ဖောက်ပြန်ပျက်စီး နေသော ရုပ်ခန္ဓာကြီး၏ခံစားနေရသောဝေဒနာအမျိုးမျိုးပေါ်လာလိုက်၊ မှတ်သိစိတ် က မှတ်လိုက်၊ ဝေဒနာ ပျောက်သွားလိုက်၊ မှတ်သိစိတ်ပါပျောက်သွားလိုက်ဖြင့်၊ ရုပ်ဖောက်ပြန်မှုကြီးက ဖြစ်/ ပျက်များ မြန်ဆန်လွန်း၍ ပြိုကွဲပျက်စီးသွားတာတွေကလည်း အလွန်ကြောက်စရာကောင်းအောင် မြန်ပါသည်။

ထို့နောက် (မှတ်ရင်း)၂ ခြေလက်တွေ အေးလာလိုက်၊ သိသည် ဟု မှတ်လိုက်ပျောက်သွားလိုက်၊ တစ်ခါတစ်ရံ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အင်ပြင်ထသလို စပ်ဖျင်းဖျင်းဖြစ်လိုက်၊ မှတ်လိုက်ပျောက်သွားလိုက် ဖြင့် ဟိုနေရာကတစ်မျိုးဖြစ်လိုက်၊ မှတ်လိုက်၊ ပျောက်လိုက်၊ ဒီနေရာကတစ်မျိုးဖြစ်လိုက်၊ မှတ်လိုက်၊ ပျောက်လိုက် ဖြင့် မမြဲခြင်းဆိုတဲ့တရားသဘောများကို ဉာဏ်ဖြင့်လက်တွေ့သိသိ လာပါသည်။

ဤသို့ ရုပ်/ နာမ် တို့ဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ကြီးသည် ဝေဒနာများခံစားလိုက်၊ မှတ်လိုက်၊ ပျောက်သွားလိုက် တစ်ခါတစ်ရံ သက်သာသွားတာရှိသလို တခါတရံ ဝေဒနာဖြစ်လိုက်တာ၊ ခြေဖျား/  လက်ဖျားလေးတွေ စစ်ကနဲ/ စစ်ကနဲ ကိုက်လာလိုက်၊ မှတ်သိစိတ်က မမှတ်ရသေးခင် ပျောက်သွားလိုက်၊ တစ်ခါတစ်ရံမှာတော့ တင်ပခွက်က အောင့်လာတာ/ ကိုက်လာတာကို/  မှတ်သိစိတ်မှတ်ရင်း တိုးတိုးအောင့် လာပြီး ကိုက်လာတွေလည်း ဖြစ်လာပါတယ်။ အဲဒီအခါ ကိုယ်နဲ့မဆိုင်သလို၊ သည်းခံ/ ဥပေက္ခာပြုကာ ရင်၀ မှာ စိတ်စိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ဖြန့်ကြည့်ပြီး ရှုမှတ်တာတွေ တော်တော်လေးအောင့်အီးသည်းခံမှတ်မှ သာ တဖြည်းဖြည်းလျော့လျော့သွားတာ တွေလည်း ဖြစ်ပါတယ်။ ဝေဒနာ အစ၊ အလယ်၊ အဆုံး ဖြစ်ပျက် မှုများကို တဖြည်းဖြည်းရှုမှတ်ပွားများရင်း တွေ့လာရပါတယ်။ တရားဖြုတ်လိုက်သောအခါ ဘာဆိုဘာမှမဖြစ် တော့သလိုမျိုး ခံစားရပြီး သက်သာသွားခဲ့ပါသည်။ ဝေဒနာများကို သည်းခံ/ ဥပေက္ခာပြုမှတ်မှသာ သက်သာ သွားတာကို တွေ့ရပါသည်။

ဒီလိုဖြစ်နေတာတွေသည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ အာဟာရ တည်းဟူသော အတိတ် အကြောင်းတရားငါးပါးပြုပြင်၍ သူ့အလိုလိုဖြစ်/ ပျက်၍ နေသော ရုပ်/ နာမ် များသည် မမြဲခြင်း ဆိုတဲ့ အနိစ္စ သဘောတွေပါလား။

ဒီလိုဝေဒနာတွေ ဖြစ်လိုက်/ ပျက်လိုက်/ ပေါ်လိုက်/ ပျောက်လိုက် နှိပ်စက်ခံနေရခြင်းသည်ပင် အလွန် ခံစားရခက်သောဒုက္ခ တွေပါလား။

ဝေဒနာတွေ မဖြစ်ချင်လည်းဖြစ်ရ၊ ဖြစ်ချင်တာတွေလည်းမဖြစ်ရ မိမိအလိုမလိုက် အစိုးမရတဲ့အနတ္တ တရား တွေပါလားဆိုတာတွေ ဉာဏ်ဖြင့် ခွဲခြားသိသိလာပါသည်။

ဒီလိုနဲ့အကြောင်းတရားတွေ သူ့အလိုလိုဖြစ်ပေါ်လာသောကြောင့် ရုပ်/ နာမ်များသည်လည်း တရိပ်ရိပ်/  တဖွဲဖွဲ/ တသဲသဲဖြင့် သူ့အလိုလိုဖြစ်လာလိုက်၊ သူ့အလိုလိုပျက်သွား နေပါလား၊ မြဲတယ် ဆိုတာ ဘာမှမရှိတဲ့ အနိစ္စ သဘောတွေချည်းပါလားဆိုတာ သိသိသာသာ ထင်ရှားစွာသိလာရပါသည်။

ဤသို့ဖြင့် ရှုမှတ်လိုက်တိုင်း ပြိုကွဲပျက်စီးသွားပြီး ခန္ဓာကိုယ်မှ အသွေး/ အသား/ အရိုး/ အကြော/  မျက်လုံး/ အစာအိမ်/ နှလုံး/ ကျောက်ကပ်/ အသည်း စသည်တို့သည်လည်း ပြိုကွဲပျက်စီးကာ မဲခြောက်နေ သော အရိုးစုကြီးအဖြစ် ကြောက်မက်ဖွယ်ရာတွေ့ရမြင်နေရပါသည်။

ရှုမှတ်ဖန်များလို့ ခန္ဓာကိုယ် ရုပ်/ နာမ်တို့၏ ဖြစ်ပျက်မှုအမြဲမရှိပုံ၊ အနိစ္စ သဘောက ရှုမှတ် လေ သိသိလာလေနှင့် ကြပ်ကြပ်ပျက်လေ ကြောက်စရာဘေးကြီးပါလားလို့ သိလေဖြစ်လာပါသည်။

ရှုမှတ်ဖန်များလာသောအခါ အပျက်တွေချည်းတွေ့နေရတော့ ငြီးငွေ့စိတ်ကုန်ပြီး ခန္ဓာကိုယ်ကြီး လည်း မလှုပ်ချင်၊ ဘာမှလည်းမလုပ်ချင်၊ စကားလည်းမပြောချင်၊ နားလည်းမထောင်ချင်တော့ သလို ဖြစ်သွားပါတယ်။

ထိုသို့ ပျင်း/ မုန်း/ ငြီးငွေ့ လာသောအခါ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တည်းဟူသော တဏှာ၊ ကိလေသာရောဂါ များ စိတ်တွင် တဖြည်းဖြည်းလျော့နည်းလာပါသည်။ တဏှာ ကို စက်ဆုပ်ရွံ့ မုန်းပြီး စွန့်ရင်းလုပ်၊ စွန့်ပြီးလုပ်၊ စွန့်ဖို့လုပ် ဆိုသည့်အတိုင်း စွန့်ကြဲပေးကမ်းချင်သော ဒါန စသောသဒ္ဒါ တရားများ တဖွားဖွားဖြစ်ပေါ်လာပါသည်။ လှူချင်သောစိတ်များဖြစ်လာသည်။

တစ်ခုစွန့်လိုက်တိုင်း ခန္ဓာကိုယ်မှာ တစ်ခုလျော့သွားသလို ပေါ့ပါးသွားသလို ခံစားရမိပါသည်။ ကုသိုလ်လည်းရသွားသလို စိတ်လည်းပျော်သွားသည်။

လိုချင်သောလောဘစိတ် တွေ လျော့နည်းလာခဲ့သည်။ လိုချင်တပ်မက်သောလောဘစိတ် တဏှာ သည် လူကို အလွန်ပူလောင်စေသည်။ လောဘ လျော့လာမှ ဒေါသ လည်း ပျော့သွားမည်။ ဒေါသ လျော့ သွားမှ မာန် တွေ ကျသွားပါမည်။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တို့တဖြည်းဖြည်း လျော့နည်းအောင် ကုစားပေးသည့် သမထ၊ ဝိပဿနာ ရှုမှတ် ကျင့်ကြံ အားထုတ်စေသော နည်းကောင်း၊ လမ်းကောင်း၊ ကျင့်စဉ်ကောင်းများ ပွားစေ၊ ရှုမှတ်စေသည့် လှည်းကူးမြို့ ဗောဓိအေးငြိမ်းရိပ်သာဆေးရုံကြီး သို့ (၄၅) ရက်တာမျှ လာရောက်ကုသစေဖို့ စေတနာထား ဖိတ်ကြားလိုက်ရပါသည်။

ရိပ်သာမှာ တရားဝင်နေစဉ်အတွင်း ဆရာတော် ၏ ယောဂီအားလုံးအပေါ် တရားရစေချင်သော မေတ္တာ စေတနာ ကြီးမားသလို ဆွမ်းချက်ဆောင်၊ ဆွမ်းစားဆောင်မှ ဆရာလေး ဒေါ်နန္ဒသိင်္ဂီ၊ ဆရာလေး ကိုအောင်ထွန်းဝင်း၊ ဦးဉာဏ် အစရှိသော ယောဂီများအားလုံးကို ထောင့်ပေါင်းစုံမှ စောင့်ရှောက်ကူညီ ကြသော၊ ပါရမီဖြည့်ပေးကြသော၊ ကျေးဇူးကြီးမားကြသော ဝေယျာဝစ္စကုသိုလ်ရှင် များကြောင့် တရား ကို စိတ်အေးချမ်းသာစွာရှုမှတ်ပွားများနိုင်ခြင်းဖြစ်ပါသည်။ ထိုထိုသောကျေးဇူးများကို ဘုရားအကြိုက်၊ တရှု တရှိုက်၊ ကျေးဇူးဆပ်၊ ပူဇော်နည်းဖြင့် ပူဇော်သလို တရားကို တရှုတရှိုက်ပေါင်းများစွာ ကြိုးစားပွားများ အားထုတ်ပြီး လေးစားရိုသေစွာ ဆပ်လိုက်ပါသည်ဘုရား။
 

ရိုသေစွာလက်အုပ်မိုးလျက်
တပည့်တော် ဒေါ်ခင်မျိုးသစ်
ဖုန်း - ၀၉ ၃၃၇ ၆၆၃၇၀၊ ၀၁၂၉၅၀၇၄

 

Home  |  Greeting  |  Philosophy  |  Humanitarian Foundation  |  Development Programme  |  Extension   |  Our Projects  |  Hotel & Tourism
Looking for local partner  |   Offer Foreign Investment  |  Food Security  |  New Master Project  |  Contact Us  


 

Myanmar Immortal Trading Co., Ltd.

Address:

#17(A), 148th Street, Kyauk Myaung, Tamwe Township, 
Yangon, Republic of the Union of Myanmar (Burma).

Tel: (+95-1) 295074, H.P: (+95-9) 5169807, Fax: (+95-1) 294966
Email:

info@ksstmyanmar.com, enquire@ksstmyanmar.com

Internet: http://www.ksstmyanmar.com

 

Copyright 2005 by Myanmar Immortal Trading Co., Ltd.
Web Developer: Myanmars.NET, Yangon, Myanmar